Wednesday, December 1, 2010

ရာသီပြောင်းချိန်

နှင်းရည် တစ်စက်ပြီး တစ်စက်

ခိုက်ခိုက်တုန်နေတဲ့ အိမ်မက်ဟာ ငါပါ။

ဒါပေမယ့်.. မက်မက် မောမော

ဆက်မက်နေချင်သေးတယ်..

ငါ့ကို မနှိုးလိုက်ပါနဲ့..

နှင်းစက်လေးကို ချစ်တယ်။

ဆောင်းခိုငှက်လေးရေ..

ဒီဆောင်းကုန်ရင်

ပြန်ထွက်သွားဦးတော့

နားခဲ့တဲ့အကိုင်းဟာ..

ထားခဲ့တဲ့ အချိန်

လှုပ်ခါ ကျန်နေခဲ့ဦးမှာပဲ..

 သဘာဝတဲ့လား..

ဆောင်းတစ်ချိန် ပြန်လာ ဦးမှာသိနေပေမယ့်..

နွေဦးကို ခပ်တိုးတိုး အပြစ်ဆိုမိတယ်။

ပန်းတို့ရဲ့ ရှင်သန်ခြင်းဆိုတာ...

 နေရောင်ခြည်လည်း

သူလိုသေးတယ် မဟုတ်လား..

ပွင့်လန်းပါစေလေ..

လေပြေသယ်လာမယ့်

ရနံ့နဲ့တင် အပြုံးတွေ

ပန်းခင်းကြီးလောက် ပွင့်တယ်..။

သံယောဇဉ်ဆိုတာ

ရာသီ အိုချိန်မှာတောင်

မပြောင်းခဲ့တဲ့ အရာပေါ့

ကြည်နူးနိုင်ပါစေ..

အဆုံးမဲ့ မျှော်လင့်ခြင်းရဲ့ ..

တစ်ဆောင်း... သစ်ချိန်..

နှစ်ဦးသား.. အပြုံးတွေ ဆုံပါလိမ့်မယ်။

အလွမ်းပြေ

( ၁၈.၁၁.၂၀၁၀)

No comments:

Post a Comment